ပိုးသတ်ဆေးကြောင့် အူရောင်ခြင်း
ပိုးသတ်ဆေးဆိုတာ လူတော်တော်များများနဲ့ မစိမ်းတော့တဲ့အရာပါ။
ရောဂါအမျိုးမျိုးအဖုံဖုံ စုံလင်လှတဲ့ခေတ်မို့ ပိုးသတ်ဆေးပေါင်းမြောက်များစွာလည်း စျေးကွက်ထဲမှာ ရှိနေပါတယ်။
ဒါ့အပြင် ဆရာဝန်ညွှန်ကြားချက်မလိုဘဲ ကိုယ့်ဘာသာ အလွယ်တကူ ဝယ်သောက်လို့ရနေသလို ဆေးဆိုင်ကနေ စပ်ဆေးသဘောမျိုး ပေးချင်သလို ပေးနေကြတာတွေကြောင့် ပိုးသတ်ဆေးသောက်သုံးခြင်းရဲ့ နောက်ဆက်တွဲ ပြဿနာတွေလည်း မနည်းလှပါဘူး။ ဆေးပတ်လည်အောင်မသောက်လို့ ပိုးသတ်ဆေးယဥ်ပြီး ဆေးမတိုးတော့တာအပြင် ပိုးသတ်ဆေးတွေ မကြာခဏသောက်လို့ အူရောင်တာကလည်း အဖြစ်များတဲ့ ပြဿနာတစ်ခုပါ။
ဝမ်းဗိုက်ထဲမှာ ပိုးမျိုးရှစ်ဆယ်ရှိတယ် ဆိုတဲ့ စကားလို အူတွေထဲမှာ အကျိုးပြုဘက်တီးရီးယားများစွာရှိပြီး ခန္ဓာကိုယ်နဲ့အူများကျန်းမာရေးအတွက် ထိန်းညှိပေးထားပါတယ်။
ပိုးသတ်ဆေးနဲ့ တချို့ဆေးတွေဟာ ထိုထိန်းညှိမှုကို ပျက်ပြယ်စေပြီး C.difficile လို့ခေါ်တဲ့ ဘက်တီးရီးယားတွေ ပွားများလာစေ ပြီး ထိုဘက်တီးရီးယားတွေကထုတ်တဲ့ အဆိပ်က အူမကြီးကို ရောင်ယမ်းစေတာပါ။
အူရောင်တာ ဖြစ်စေနိုင်တဲ့ ပိုးသတ်ဆေးတွေထဲမှာ
- ပင်နယ်စလင်အုပ်စုဝင်ဆေးတွေ
- ဝက်ခြံအတွက် အသုံးများကြတဲ့clindamycin
- ciprofloxacin နဲ့ levofloxacin,
- cefixime စတဲ့ဆေးတွေအပြင်
- ကင်ဆာအတွက်သွင်းရတဲ့ ဆေးတွေလည်း ပါဝင်ပါတယ်။
ဆေးရုံတက်နေရတဲ့သူတွေ ၊ အစာအိမ်နဲ့အူလမ်းကြောင်းခွဲစိတ်ခံထားရသူတွေ၊ အာအိမ်နဲ့အူလမ်းကြောင်းရောဂါ နဲ့ ကင်ဆာရှိသူတွေ၊ ကိုယ်ခံအားနည်းတဲ့သူတွေ၊ အသက် ၆၅ နှစ်ကျော်သူတွေမှာ ပိုအဖြစ်များတတ်ပါတယ်။
ပိုးသတ်ဆေးတွေ သုံးစွဲပြီး တစ်ရက်နှစ်ရက်အတွင်း ရောဂါလက္ခဏာပေါ်နိုင်သလို ပိုးသတ်ဆေးရပ်ပြီး လပိုင်းလောက်ကြာမှလည်း ရောဂါလက္ခဏာပေါ်တာ ဖြစ်နိုင်ပါတယ်။
- ဖျားတာ
- ပျို့အန်တာ
- ဝမ်းဗိုက်အောင့်တာ
- အရည်ကျဲကျဲ ဝမ်းသွားတာ
- ဝမ်းထဲမှာ အချွဲတွေ၊ သွေးနဲ့ပြည်တွေပါတာ
- ရေဓာတ်ခန်းခြောက်လာတာဟာ ပိုးသတ်ဆေးကြောင့် အူရောင်ခြင်းရဲ့ လက္ခဏာတွေပါ။
အချိန်မီကုသမှုမခံယူရင် အသက်အန္တရာယ်လည်းရှိနိုင်တဲ့ ရောဂါတစ်ခုပါ။
နောက်ဆက်တွဲဆိုးကျိုးအနေနဲ့
*ဝမ်းသွားခြင်းကြောင့် ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးပြီး သွေးပေါင်ထိုးကျတာ
*ရေဓာတ်အလွန်အမင်း ခန်းခြောက်ခြင်းကြောင့် ကျောက်ကပ်ပျက်စီးတာ
*အူထဲက အစာဟောင်း(မစင်)တွေနဲ့ လေတွေကို မစွန့်ထုတ်နိုင်ခြင်းကြောင့် အူများအဆမတန်ဖောင်းလာတာ
*အချိန်ကြာလာတာနဲ့အမျှ အူပေါက်ပြီး အူထဲကဘက်တီးရီးယားတွေက ဝမ်းဗိုက်ထဲအထိရောက်ပြီး သွေးကြောတွေအထိ ပိုးဆိပ်ပျံ့နှံ့တာ ( အချိန်မီ ခွဲစိတ်ကုသနိုင်ဖို့ အရေးကြီးပါတယ်) တွေကြောင့် အချိန်မရွေးအသက်အန္တရာယ် ရှိနိုင်ပါတယ်။
ပိုးသတ်ဆေးကြောင့် အူရောင်ခြင်းဟာ လိုအပ်တဲ့ကုသမှုကို အချိန်မီရခဲ့ရင်တော့ ရက်ပိုင်းလပိုင်းအတွင်း ပုံမှန်အတိုင်း ပြန်ကောင်းနိုင်တဲ့ ရောဂါပါ။
ကာကွယ်ဖို့အတွက်ဆိုရင်
-သန့်ရှင်းရေးသတိထားပါ။ အစာမစားခင်နဲ့ စားပြီးတိုင်း toilet ဝင်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ဆေးပါ။ ဆပ်ပြာနဲ့ရေမရှိရင် လက်ဆေးဂျယ်တွေ သုံးပါ။
-ဆေးရုံဆေးခန်းမှာဆိုရင် လူနာမကိုင်ခင်နဲ့ ကိုင်ပြီးတိုင်း လက်ဆေးပါ။ အထူးသဖြင့် လူနာရဲ့ဝမ်းတွေ၊ အညစ်အကြေးတွေ သန့်ရှင်းပေးပြီးတိုင်း လက်ကိုသန့်ရှင်းရေးလုပ်ပါ။
-ဖြစ်နိုင်ရင် အခန်းကြမ်းပြင်ကို ပိုးသတ်ဆေးနဲ့ သန့်ရှင်းရေးလုပ်ပါ။
-ဆရာဝန်မညွှန်ကြားဘဲ ပိုးသတ်ဆေးတွေ မကြာခဏအလွယ်တကူ သောက်သုံးခြင်းကို ရှောင်ကြည်ပါ။
ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းတာမို့ ပိုးသတ်ဆေးကြောင့် အူရောင်ခြင်းကင်းအောင် နေထိုင်ကြပါစို့။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်